အမေရိကန်ပြည်ထောင်စု၊ Alabama ပြည်နယ်က မဲဆန္ဒနယ် သတ်မှတ်ချက်ဟာ မဲပေးပိုင်ခွင့် ဥပဒေနဲ့ မညီညွတ်ဘူးလို့ ပြည်ထောင်စုတရားရုံးချုပ်က ဆုံးဖြတ်လိုက်ပါတယ်။ လူမည်းတွေရဲ့ မဲတွေကွဲသွားပြီး အားနည်းသွားအောင် ရီပတ်ဘလီကန်ပါတီက အားထုတ်လုပ်ဆောင်ထားတဲ့ မဲဆန္ဒနယ် သတ်မှတ်ချက်ကို တရားသူကြီး ၉ ယောက်ရှိတဲ့ ပြည်ထောင်စုတရားရုံးချုပ်က ကွန်ဆာဗေးတစ် တရားသူကြီး ၂ ဦးက လစ်ဘရယ် တရားသူကြီးတွေဘက်က ရပ်တည်ပြီး မဲပေးခဲ့တာဖြစ်ပါတယ်။
လူ ၄ ယောက်မှာ ၁ ယောက်က လူမည်းဖြစ်တဲ့ Alabama ပြည်နယ်ထဲက ခရိုင် ၇ ခုမှာ ခရိုင် ၁ ခုပဲ လူမည်းအများစုပဲဖြစ်နေအောင် မြေပုံမှာ မဲဆန္ဒနယ်သတ်မှတ်ချက်ကို ၂၀၂၁ ခုနှစ်မှာ ပြင်ဆင်သတ်မှတ်ခဲ့တာပါ။ အဲဒီခရိုင် ၇ ခုကနေ အမေရိကန်အောက်လွှတ်တော် ကိုယ်စားပြုအမတ်တွေ ရွေးချယ်တာပါ။ လူမည်းရွေးချယ်သူတွေ အောက်လွှတ်တော်အမတ်ဖြစ်နိုင်ခြေ နည်းအောင် မဲဆန္ဒနယ်သတ်မှတ်ထားတာဟာ မဲပေးပိုင်ခွင့်ဥပဒေကို ချိုးဖောက်ရာရောက်နေတယ်လို့ဆိုပြီး ပြည်ထောင်စုတရားရုံးချုပ်မှာ ကွန်ဆာဗေးတစ်အမြင်ရှိတဲ့ တရားသူကြီးချုပ် John Roberts နဲ့ တရားသူကြီး Brett Kavanaugh တို့က ဆုံးဖြတ်ခဲ့ကြပါတယ်။ ပြည်ထောင်စုတရားရုံးချုပ်ရဲ့ ဒီဆုံးဖြတ်ချက်ကြောင့် ရှေ့နှစ်မှာကျင်းပမယ့် ရွေးကောက်ပွဲအမှီ Alabama ပြည်နယ်အစိုးရက မဲဆန္ဒနယ်သတ်မှတ်မှု ပြန်ပြင် ရေးဆွဲရမှာ ဖြစ်ပါတယ်။
တရားရုံးချုပ်ရဲ့ ဒီဆုံးဖြတ်ချက်ကြောင့် Alabama အပြင် Louisiana ပြည်နယ်မှာလည်း အလားတူ မဲဆန္ဒနယ် ပြင်ဆင်ရေးဆွဲရမယ့်အခြေရှိနေတာကြောင့် ဒီမိုကရက်ပါတီဘက်ယိမ်းတဲ့ လူမည်းတွေအနေနဲ့ အောက်လွှတ်အမတ်နေရာ ၂ နေရာမှာ သူတို့လိုလားတဲ့ ကိုယ်စားလှယ်လောင်းကို ရွေးကောက်နိုင်မယ့် အခွင့်အရေးရနိုင်ကြမှာဖြစ်ပါတယ်။
Your browser doesn’t support HTML5
Alabama မဲဆန္ဒနယ်သတ်မှတ်ချက် ပြန်လည်ပြင်ဆင်ရမည်