ဝါရှင်တန်မြို့တော်ကောင်းကင်ယံ ခရီးသည်တင် လေယာဉ်ပျက်ကျ

ဝါရှင်တန်မြို့တော်အနီး Ronald Reagan လေဆိပ် (AP ဇန်နဝါရီလ ၂၀၂၅)

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်နဲ့ ကပ်ရက် ရော်နယ်ရေဂင် အမျိုးသားလေဆိပ်ဝန်းကျင်မှာ လေယာဉ်မတော်တဆမှုကနေ လက်ရှိ လူ ၄ ဦးကို ရေထဲက ဆယ်ယူရရှိထားပါတယ်။ လွန်ခဲ့တဲ့တနာရီကျော် ဗုဒ္ဓဟူးနေ့ ဇန်နဝါရီ ၂၉ ဒေသစံတော်ချိန် ညနေပိုင်းမှာ ခရီးသည်တင်လေယာဉ်နဲ့ Blackhawk စစ်ရဟတ်ယာဉ်တို့ လေထဲမှာ တိုက်မိ ပေါက်ကွဲပြီး အောက်က ပိုတိုးမတ်ရေပြင်ထဲကျသွားပုံ ရှိပါတယ်။

CNN သတင်းဗွီဒီယိုထဲမှာတော့ လေယာဉ်ကို ရဟတ်ယာဉ်ကတိုက်မိပြီး လေထဲမှာ ပေါက်ကွဲသွားတဲ့ပုံကို တွေ့ရပါတယ်။ ညက မှောင်နေပြီး မြစ်ရေတဝက်တပြတ်အေးခဲနေတာကြောင့် ကယ်ဆယ်ရေးအတွက် အထူးကြိုးပမ်းနေကြတာ ရုပ်သံသတင်းတွေမှာ ပြသနေပြီး သေဆုံးဒဏ်ရာရမှု သတင်းနဲ့ပတ်သတ်ပြီး သတင်းအချက်အလက်အများကြီးချက်ချင်း အတည်ပြုလို့မရသေးပါဘူး။ ‌လေယာဉ်က အမေရိကန်လေကြောင်းလိုင်း American Airlines လေယာဉ်ဖြစ်ပြီး ခရီးသည် ၆၀ နဲ့ ဝန်ထမ်း ၄ ဦး ပါလာတာပါ။ လေဆိပ်က လေယာဉ်တက်၊ ဆင်းမှုအားလုံး ရပ်ဆိုင်းထားကြောင်း ပြောပါတယ်။ မီးသတ်ရေယာဉ်တွေ ဖြစ်ပွားရာနေရာကို ရောက်ရှိနေကြောင်း ဝါရှင်တန်မီးသတ်ဌာနကလည်း ပြောပါတယ်။