မြန်မာ နယ်စပ်လုံခြုံရေး တင်းကြပ်ဖို့ ထိုင်းအတိုက်အခံ အဆိုပြု

မြဝတီမြို့ ရွှေကုက္ကိုလ် ဇုန်(၅)မှာရှိတဲ့ YATAI Freedom Go Kart လုပ်ငန်းပိုင် Site 5 ပြိုင်ကားကွင်း မြင်ကွင်း။ (Photo: YATAI Go Kart)

မြန်မာနိုင်ငံဘက်က အွန်လိုင်းငွေကြေး လိမ်လည်တဲ့ဂိုဏ်းတွေကို နှိမ်နင်းဖို့ နယ်ခြားကို လုံခြုံအောင်တင်းကြပ်ပြီး စောင့်ကြည့်ရေးနယ်မြေတွေသတ်မှတ်ဖို့ ထိုင်း အတိုက်အခံ ပြည်သူ့ပါတီအမတ် Rangsiman Rome က ထိုင်းအစိုးရကို တိုက်တွန်းလိုက်တာကို ထိုင်းနိုင်ငံထုတ် The Nation သတင်းစာမှာ ရေးသားထားပါတယ်။

Rangsiman Rome ဟာ အောက်လွှတ်တော် အမျိုးသားလုံခြုံရေး၊ နယ်စပ်ရေးရာ၊ အမျိုးသား မဟာဗျူဟာနဲ့ ပြုပြင်ပြောင်းလဲရေး ကော်မတီ ဥက္ကဋ္ဌအဖြစ်လည်း တာဝန် ယူထားသူ ဖြစ်ပါတယ်။ အောက်လွှတ်တော် ထိုင်းရဲတပ်ဖွဲ့ဝင်တွေအပါအဝင် လုံခြုံရေး အဖွဲ့ဝင်တွေကို ဇန်နဝါရီလ ၉ ရက်နေ့က ဆင့်ခေါ်ပြီး အခြေအနေတွေကို တင်ပြခိုင်းခဲ့ တဲ့အကြောင်းလည်း Rangsiman Rome က ပြောပါတယ်။ Pheu Thai ပါတီ ဦးဆောင်တဲ့ လက်ရှိ ထိုင်းအစိုးရဟာ လူကုန်ကူးသူတွေနဲ့ အွန်လိုင်း ငွေကြေးလိမ်လည်တဲ့ ဂိုဏ်းတွေ ထိုင်းနိုင်ငံကို တဆင့်ခံဖြတ်သန်းတဲ့နယ်အဖြစ် အသုံးပြုနေတာပေါ် ထိထိရောက်ရောက် နှိမ်နင်းနိုင်ခြင်း မရှိဘူးလို့ Rangsiman Rome က ဝေဖန်ပါတယ်။

နာမည်ကျော် တရုတ် ရုပ်ရှင်သရုပ်ဆောင်ကိုကယ်တင်ခဲ့တာမျိုး ကိစ္စတခုချင်းအပေါ် မှာသာ ပါဝင်ဆောင်ရွက်နိုင်ပြီး တခြား အဓမ္မဖမ်းဆီး ခိုင်းစေခံနေရသူတွေအရေး တော်တော်များများကို အာရုံမစိုက်ဘူးလို့လည်း ဝေဖန်ပြောဆိုသွားပါတယ်။ အွန်လိုင်း ငွေကြေး လိမ်လယ်တဲ့ ဂိုဏ်းတွေကြောင့် ထိုင်းနိုင်ငံရဲ့ ဂုဏ်သိက္ခာထိခိုက်လာနေတာကြောင့် နယ်ခြားမှာ ကျားဖြန့်ဂိုဏ်းတွေ အတွက် လျပ်စစ် ပိတ်ပင်တာမျိုး၊ Starlink ဂြိုဟ်တု ဆက်သွယ်ရေး အင်တာနက် ဝန်ဆောင်မှုတွေ ရောင်းချတာကို ကန့်သတ်တာမျိုးတွေ လုပ်ဖို့လည်း Rangsiman Rome က အဆိုပြုထားပါတယ်။