ဆူဒန် ပဋိပက္ခ သန်းနဲ့ချီတဲ့ ကလေးတွေ အငတ်ဘေးကြုံ

FILE - Families displaced in Muhajiriya, sit at Zamzam IDP camp in North Darfur.

FILE - Families displaced in Muhajiriya, sit at Zamzam IDP camp in North Darfur.

ဆူဒန် ပဋိပက္ခ သန်းနဲ့ချီတဲ့ ကလေးတွေ အငတ်ဘေးကြုံ

ဆူဒန်မှာ ပဋိပက္ခဖြစ်ပွါးနေတာ ရက်ပေါင်း ၃၀၀ လောက် ကြာလာတဲ့အတွက် သန်းနဲ့ချီတဲ့ အိုးအိမ်ပြောင်းရွှေ့နေထိုင်ရတဲ့ ကလေးငယ်တွေဟာ အကြမ်းဖက်မှုနဲ့ ရက်စက်တဲ့ ကျူးလွန်မှုတွေ၊ ငတ်မွတ်မှု ဒဏ်တွေကို နောက်တချီ ရင်ဆိုင်ရနိုင်တယ်လို့ ကုလသမဂ္ဂ UNICEF အဖွဲ့က သတိပေးလိုက်ပါတယ်။

ဆူဒန်မှာ အိုးအိမ်ရွှေ့ပြောင်းရတဲ့ ကလေးငယ်ပေါင်း ၄ သန်းလောက်ရှိနေပြီး ဒါဟာ ကမ္ဘာပေါ်မှာ အများဆုံးဖြစ်ကြောင်း UNICEF က ပြောပါတယ်။ လွန်ခဲ့တဲ့ ရက်ပေါင်း ၃၀၀ အတွင်းမှာ နေ့စဉ်လိုလိုပဲ ကလေးငယ် ၁ သောင်း ၃ ထောင်လောက်ဟာ အိုးအိမ်စွန့်ခွါ ထွက်ပြေးရပြီး ဆိုးဝါးတဲ့အခြေနေထဲ ရောက်ရောက်သွားတယ်လို့လည်း ပြောပါတယ်။

မကြာသေးခင်ကမှ ဆူဒန်ကနေ ပြန်လာတဲ့ UNICEF ပြောခွင့်ရ James Elder ကတော့ ဆူဒန်မှာ တိုက်ခိုက်မှုတွေ ပြင်းထန်နေတာကြောင့် ကလေးငယ်တွေဟာ မိသားစုတွေ သူငယ်ချင်းတွေနဲ့ ကွဲကွာကြရပြီး ပိုင်ဆိုင်မှု အားလုံးဆုံးရှုံးရတဲ့အပြင် သူတို့ဝန်းကျင်ဟာလည်း လုံခြုံစိတ်ချရမှုမရှိပဲ မျှော်လင့်ချက်တွေပါ ပျောက်ဆုံးနေတယ်လို့ ပြောပါတယ်။

SEE ALSO: ဆူဒန်တိုက်ပွဲ "လူမျိုးရေး ပဋိပက္ခ" ဦးတည်လာနိုင်လို့ ကုလ သတိပေး

ဒီဒဏ်ကို ရက်ပေါင်း ၃၀၀ လောက်ကြုံနေရတာကြောင့် ကလေးငယ်ပေါင်း ၇ သိန်းကျော်ဟာ ဒီနှစ်အတွင်း အဆိုးဝါးဆုံး အဟာရပြတ်လပ်မှု ဒဏ်ခံနေကြရသလို၊ ကလေး ၃ သိန်းကျော် လောက်ကတော့ UNICEF လက်လှမ်းမမှီတဲ့ နေရာ ရောက်နေတဲ့အတွက် သောင်းနဲ့ချီသေဆုံးမှုတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ကတော့ ဆူဒန်မှာ လူပေါင်း ၁၈ သန်းလောက် ငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။ ဆူဒန်နိုင်ငံတွင်းက လူပေါင်း ၁၅ သန်းလောက်နဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ခိုလှုံနေရသူ ၂.၇ သန်းအတွက် အရေးပေါ်အကူညီပေးဖို့ ကုလသမဂ္ဂက ဒေါ်လာ သန်း ၄,၀၀၀ ကျော် တောင်းခံ ထားပါတယ်။