ကမ္ဘာမှာ ဒီကနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ကို ဂျူးလူမျိုးတုံးသတ်ဖြတ်မှုအောက်မေ့ဖွယ်နေ့ အဖြစ်သတ်မှတ်ထားပြီး နိုင်ငံအသီးသီးမှာ အခမ်းအနားတွေ ဆင်နွဲနေကြပါတယ်။
၁၉၄၅ ခုနှစ် ဒီကနေ့မှာ Auschwitz နာဇီစခန်းကနေ လွတ်မြောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလို ဂျူးနွယ်ဘွားတွေကို နာဇီတွေ လူမျိုးတုံးသတ်ဖြတ်မှုုပြုလုပ်ခဲ့တာကို အမှတ်ရနေစေဖို့ အမေရိကန်ပြည်ထောင်စု Washington မြို့တော်မှာ တည်ရှိတဲ့ ဂျူးလူမျိုးတုံးသတ်ဖြတ်မှု အောက်မေ့ဖွယ် Holocaust ပြတိုက်က ဒီကနေ့ အခမ်းအနားတခု ကျင်းပပြီး နိုင်ငံတကာက အရာရှိတွေကို အခမ်းအနားဖိတ်ကြားထားပါတယ်။
ဒီလိုဖြစ်ရပ်ဆိုးကြီးတွေ ပေါ်ပေါက်ခဲ့တယ်ဆိုတာ အနာဂတ်မျိုးဆက်တွေ သိရှိနားလည်ဖို့ အခုလို အခမ်းအနားတွေ မရှိမဖြစ်လိုအပ်တယ်လို့ ဥရောပသမဂ္ဂ သံအမတ်ကြီး David O'Sullivan က ပြောပါတယ်။ Saudi Arabia နိုင်ငံအခြေစိုက် မူဆလင်ကမ္ဘာအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူးချုပ် Dr. Muhammad Al-Issa ကတော့ ဒီလောက်ရက်စက်တဲ့ ပစ်မှုကြီးကို စိတ်မှန်တဲ့လူတယောက်အနေနဲ့ ဘယ်လိုမှ လက်ခံခွင့်လွှတ်နိုင်စရာမရှိပါဘူးလို့ Holocaust ပြတိုက်ကို စာရေးသားပေးပို့ပါတယ်။
သောကြာနေ့က ဒီပြတိုက်ကို သွားရောက်ကြည့်ရှုသူတွေထဲမှာ အမေရိကန်သမ္မတကတော် Melania Trump လည်း ပါဝင်ပြီး၊ အတွေ့အကြုံက အင်အားပြင်းပြီး ရင်ထဲမှာ ခံစားရပါတယ်လို့ Twitter လူမှုကွန်ယက်မှာ သူ့ခံစားချက်ကို ရေးလားပါတယ်။ သူက ဆုမွန်တောင်းတဲ့တံတိုင်းရှေ့ရပ်ပြီး အမှတ်တရဖယောင်းတိုင် ထွန်းညှိနေတဲ့ပုံကိုလည်း Twitter စာမျက်နှာမှာ တင်ထားပါတယ်။
အမေရိကန်အိမ်ဖြူတော်ကတော့ ဒီဖြစ်ရပ်ကြီးဟာ လူ့သမိုင်းကို ညစ်စွန်းစေတဲ့ဖြစ်ရပ်ကြီးပဲလို့ မှတ်ယူကြောင်း ဒီလိုဖြစ်ရပ်မျိုး ဘယ်တော့မှ ထပ်ဖြစ်မလာစေဖို့ သံဓိဌာန်ပြုကြောင်း သောကြာနေ့ကပဲ ကြေငြာချက် ထုတ်ပြန်ပါတယ်။
Your browser doesn’t support HTML5
Vice President Mike Pence - Holocaust Remembrance