အမေရိကန်သမ္မတ Donald Trump ဒီကနေ့ မတ်လ (၄) ရက် အင်္ဂနေ့ညမှာ ကွန်ဂရက်စ်လွှတ်တော်မှာ မိန့်ခွန်းပြောဖို့ရှိပါတယ်။ ဒီမိန့်ခွန်းထဲမှာ အမေရိကန်စီးပွားရေး၊ လူဝင်မှုကြီးကြပ်ရေးမူဝါဒအကြောင်း ပြောမယ်လို့ ခန့်မှန်းရပါတယ်။ အစိုးရဝန်ထမ်းအင်အား လျှော့ချတာ၊ ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့ စကားအချေအတင်ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း ကာကွယ်ပြောဆိုနိုင်မယ့် အခွင့်အလမ်းရမှာဖြစ်သလို ကုန်သွယ်ခွန်တိုးကောက်တဲ့ကိစ္စလည်း ပါဝင်နိုင်ပါတယ်။
ဒါပေမယ့်လည်း သမ္မတထရမ့်အတွက် အရေးအကြီးဆုံးကတော့ အထက်လွှတ်တော်ရော အောက် လွှတ်တော်ပါ လူများစုဖြစ်တဲ့ ရီပတ်ဘလစ်ကန်တွေက မတ်လ (၁၄) ရက်အလွန် အစိုးရအသုံးစရိတ် ချမှတ်ပေးဖို့ပါ။ ဝင်ငွေနည်း မိသားစုတွေအတွက် ကျန်းမာရေးစောင့်ရှောက်တဲ့ Medicaid အစီအစဉ်ကိုရပ်ဆိုင်းပြီး အမေရိကန်တင်ရှိနေတဲ့ ကြွေးမြီပမာဏကို ပြန်ဖြည့် ဆပ်ဖို့နဲ့ ထရမ့် သမ္မတ ပထမသက်တမ်းကာလ ၂၀၁၇ ခုနှစ်မှာ အခွန်ပြုပြင် ပြောင်းလဲတဲ့ အစီအစဉ် အကောင်အထည်ဖေါ်ရာမှာ လိုအပ်တဲ့ ငွေကြေးပမာဏာကို ဖြည့်ဆည်းဖို့နဲ့ ပတ်သက်ပြီး ရီပတ်ဘလစ်ကန်တွေကြားထဲတော့ သဘောထားကွဲလွဲနေတာပါ။
သမ္မတထရမ့်ကတော့ One big beautiful bill လို့သူခေါ်တဲ့ အမေရိကန်ပြည်တွင်းမူဝါဒနဲ့ပတ်သက်တဲ့ အသုံးစရိတ်ကို လွှတ်တော်က အတည်ပြုပေးဖို့ စိတ်အားထက်သန်နေပါတယ်။
ရှေ့ဆက်ပြီး အလုပ်တွေအများကြီးလုပ်ရမှာဖြစ်သလို “အမေရိကပထမ” ဆိုတဲ့ မူဝါဒကို အကောင် အထည်ဖေါ်နေတာဖြစ်တယ်လို့ လူများစုအောက်လွှတ်တော် ဥက္ကဋ္ဌ Mike Johnson က သတင်းထောက်တွေကို လွန်ခဲ့တဲ့ သီတင်းပတ်ကပြောကြားခဲ့ပါတယ်။ ဒီမိုကရက်တွေကတော့ ဒီအဆိုပြုချက်ဟာ ချမ်းသာကြွယ်ဝသူတွေအတွက်သာ အကျိုးရှိလိမ့်မယ်ဆိုပြီး ပြစ်တင်ဝေဖန် ပါတယ်။
အသက်အရွယ်ကြီးရင့်သူတွေ၊ ကလေးတွေ၊ မသန်စွမ်းသူတွေ ရရှိမယ့် ခံစားခွင့်တွေကို ဖြတ်တောက်ပြီး သူဌေးတွေ ပိုချမ်းသာလာအောင် လုပ်တာပဲလို့ လူနည်းစုခေါင်းဆောင် အထက်လွှတ်တော်အမတ် Chuck Schumer က ပြောပါတယ်။
Forum