သတင်းသွားယူချိန် အာဏာပိုင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံလိုက်ရပြီး နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖောက်ဖျက်မှုနဲ့ တရားစွဲဆိုခြင်းခံထားရတဲ့ Reuters သတင်းသမားနှစ်ဦး အမြန်ဆုံးလွတ်မြောက်ရေး ဒီကနေ့ ဧရာဝတီတိုင်း ပုသိမ်မြို့နယ်မှာ သတင်းသမားတွေ စုဝေးဆန္ဒပြခဲ့ကြပါတယ်။ NLD အရပ်သားအစိုးရလက်ထက် ပိုပြီးတော့မှ သတင်းသမားတွေကို ဖိနှိပ်လာတဲ့အခြေအနေနဲ့ သတင်းလွတ်လပ်ခွင့်ဆုံးရှုံးလာတဲ့အနေအထားတွေကို ပြည်သူတွေ သိရှိနိုင်အောင်နဲ့ သတင်းသမားနှစ်ဦး အမြန်ဆုံးလွတ်မြောက်ရေး ရန်ကုန်၊ မန္တလေးနဲ့ အခြားမြို့ကြီးတွေမှာပါ ငြိမ်းချမ်းစွာနဲ့ ဆက်လက်ချီတက် ဆန္ဒပြသွားမှာဖြစ်တယ်လို့ သတင်းသမားတွေကပြောပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။
Reuters သတင်းသမားနှစ်ဦးဟာ သတင်းရယူချိန်မှာ အာဏာပိုင်တွေဘက်က မတရားအကွက်ဆင် အဖမ်းခံရတာသာဖြစ်တဲ့အတွက် အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ NLD အရပ်သားအစိုးရလက်ထက်မှာ ပိုပြီးတော့ မီဒီယာလွတ်လပ်ခွင့် ဆုံးရှုံးလာရတဲ့အခြေအနေတွေကို လူထုသိရှိနိုင်အောင် ဒီကနေ့ ဧရာဝတီတိုင်း ပုသိမ်မြို့နယ်ထဲမှာ မြန်မာဂျာနယ်လစ်ကွန်ရက်(ဧရာဝတီ)နဲ့ မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီက သတင်းထောက်တွေ ပူးပေါင်းပြီး ငြိမ်းချမ်းစွာချီတက်ဆန္ဒပြခဲ့ကြတယ်လို့ မြန်မာဂျာနယ်လစ်ကွန်ရက် ဧရာဝတီတိုင်းရဲ့ အတွင်းရေးမှူး ကိုဆလိုင်းသန့်စင်က ဗွီအိုအေကို အခုလိုပြောပြပါတယ်။
"ရွှေမုဌောဘုရားကနေပြီးတော့ ပုသိမ်မြို့ထဲ လူစည်ကားရာနေရာတွေကို လှည့်လည်တယ်။ လှည့်လည်ပြီးတော့မှ သတင်းထောက်ကိုဝလုံးနဲ့ ကိုမိုးအောင်တို့ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ဆိုတဲ့ တောင်းဆိုတဲ့ ဗီနိုင်းတွေ ကိုင်ပြီးတော့မှ မြို့ထဲကို ငြိမ်းချမ်းစွာနဲ့ ချီတက်ပြီးတော့မှ မြို့တော်ခန်းမရှေ့မှာ ပြီးဆုံးသွားတယ်။ ၁၀ နာရီခွဲကနေစတာ ၁၁ နာရီခွဲမှာတော့ ပြီးသွားတာပေါ့။ အဓိကရည်ရွက်ချက်ကတော့ ၂ ခုရှိပါတယ်။ ပထမတခုက ရိုက်တာသတင်းထောက်ဖြစ်တဲ့ ဝလုံးနဲ့ ကိုမိုးအောင်တို့ဟာ သတင်းစာ ကျင့်ဝတ်နဲ့အညီ ရယူလုပ်ကိုင်တဲ့အပေါ်မှာ ဖမ်းဆီးမှုက မတရားဘူးလို့ ကျနော်တို့အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုတာဖြစ်တယ်။ ဒုတိယတခုကတော့ ကျနော်တို့ မြန်မာနိုင်ငံက သတင်းထောက်တွေက ဒီလိုဖမ်းဆီးခံရတဲ့အခြေအနေတွေကို ပြည်သူ လူထုသိအောင်ရယ် နောက်ပြီးတော့ သတင်းစာလွတ်လပ်ခွင့်ဆိုတာက ဘယ်လောက်အရေးကြီးတယ်ဆိုတဲ့ လက်ကမ်းစာစောင်တွေလည်း ကျနော်တို့ ပြည်သူလူထုကို ဖြန့်ဝေပေးခဲ့တယ်။"
အရပ်သားအစိုးရလက်ထက်မှာမှ အာဏာပိုင်တွေဘက်က သတင်းသမားတွေအပေါ် ပိုပြီးတော့ နှိပ်ကွပ်လာတာ သတင်းလွတ်လပ်စွာ စီးဆင်းမှုအပေါ် ဖိနှိပ်ချုပ်ချယ်မှုတွေ ပိုပြီးလုပ်လာတဲ့အပြင် သတင်းရင်းမြစ်ရယူခွင့်ကို ပိုပြီးတော့ တင်းကျပ်လာတာဟာ မြန်မာ့သတင်းမီဒီယာလွတ်လပ်ခွင့် ကျဆင်းလာတဲ့အနေအထားဖြစ်နေတယ်လို့လည်း ကိုဆလိုင်းသန့်စင်က သုံးသပ်ပါတယ်။
"စစ်အစိုးရခေတ်မှာလည်း စာပေကင်ပေတိုင် ဆိုပြီးတော့ စာပေစိစစ်ရေးနဲ့ သတင်းတွေကို လိုသလို မင်နီတား ကြက်ခြေခတ်ဒီလို ပိတ်ဆို့ခံခဲ့ရတယ် ၊ အမှောင်ချခံခဲ့ရတယ်။ ဖမ်းဆီးခံခဲ့ရတယ်။ ၂၀၁၅ ရွေးကောက်ပွဲနိုင်ပြီးတော့ NLD အစိုးရတက်လာတဲ့အချိန်မှာ ကျနော်တို့ သတင်းမီဒီယာသမားတွေဟာ သတင်းမီဒီယာ ဥပဒေနဲ့ အညီ နိုင်ငံတော်ရဲ့ ကာကွယ်စောင့်ရှောက်ခြင်းကို ခံရမယ်လို့ ကျနော်တို့ မျှော်လင့်ခဲ့ကြတာ ရှိတယ် မျှော်လင့်ခဲ့ကြတယ်။ ကျနော်တို့ သတင်းသမားတွေက အရင်ကထက်ဆိုးတဲ့ အခြေအနေ ကြုံတွေ့နေရတယ်လို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အထူးသဖြင့်ဆိုရင် ဒီ အာဏာရှိတဲ့လူတွေ မထုတ်ပြန်စေချင်တဲ့ သတင်းတွေကို စုံစမ်းဖော်ထုတ်ပြီးတော့ ရေးသားမယ်ဆိုရင် ပုဒ်မအမျိုးမျိုးအတပ်ခံရနိုင်တယ်။ နောက်ဆုံး ကိုယ့်အသက်အန္တရာယ်ရှာ ခံရနိုင်တယ်ဆိုတဲ့ လုံခြုံမှုမရှိတဲ့အခြေအနေတွေ ဖြစ်နေတယ်လို့ ကျနော်တို့ ခံစားနေရတယ်။ ဆိုတော့ တချို့တွေက ဒီ Reuters သတင်းထောက်၂ယောက်နဲ့ ပတ်သက်ရင် ဒွဟ ဖြစ်တယ်ပေါ့ ။ နိုင်ငံတော်လုံခြုံရေး လျို့ဝှက်ချက်ကိုယူပြီးတော့ နိုင်ငံခြားကို ရောင်းစားတာလား ဒီသတင်းထောက်တွေက။ ကျနော်ကတော့ ဒီလိုမယူဆပါဘူး သတင်းထောက်တယောက်က သူတို့က ကျင့်ဝတ်နဲ့ အညီ လုပ်ကိုင်ခဲ့တယ်ဆိုတာလည်း သူ့မိသားစုဝင်တွေ ပြောပြချက်အရ ကျနော်တို့ သိထားပြီးပြီ။ စာရွက်ယူသွားပါလို့ပြောပြီးတော့ ထွက်တာနဲ့ ချက်ချင်းဖမ်းပြီးတော့ ဒီစာရွက်တောင်မဖတ်သေးခင်မှာ အဖမ်းခံရတယ်ဆိုတော့ ဒါမရိုးသားတဲ့အနေအထားမျိုးတွေပါနေတယ်လို့ ကျနော်တို့ ယူဆတယ်။ ဆိုတော့ ဒီဖြစ်စဉ်ကြည့်ခြင်းအားဖြင့် သတင်းထောက်တွေသည် မြန်မာနိုင်ငံမှာ လုံခြုံမှုမရှိတဲ့အနေအထားကို ပြသရာကျပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က တောင်းဆိုပါတယ် မတရားဖမ်းဆီးထားတဲ့ သတင်းထောက်တွေကို အမြန်ဆုံးပြန်လွတ်ပါ။နို့မိုဆိုရင် စိုးရိမ်မှုတွေ ၊ ကြောက်ရွံ့မှုတွေနဲ့ မရေးရဲမဖြေရဲဖြစ်လာရင် ကြာလာတဲ့အခါမှာ ဖြတ်ထားတဲ့ သတင်းအချက်အလက်တွေနဲ့ပဲ ရှင်သန်ပြီးတော့ တိုင်းပြည်အတွက်လည်းမကောင်းဘူး၊ အစိုးရအတွက်လည်း မကောင်းဘူး ပြည်သူလူထုအတွက်လည်း မကောင်းဘူး သတင်းမီဒီယာလောကအတွက်လည်း မကောင်းဘူး အဆိုးဘက်ကို ပိုပြီးတော့ ဦးတည် သွားလိမ့်မယ်ဆိုတာ ပြောပြချင်ပါတယ်။"
Reuters သတင်းသမားနှစ်ဦး အမြန်ဆုံးလွတ်မြောက်ရေးနဲ့ သတင်းသမားကို မတရားဖမ်းဆီးမှုဟာ ပြည်သူတွေသတင်းသိပိုင်ခွင့်ကို ပိတ်ပင်တယ်ဆိုတာ ပြည်သူအများသိရှိနိုင်ဖို့ ဒီလိုငြိမ်းချမ်းစွာချီတက်ဆန္ဒပြကြခြင်းအားဖြင့် သတင်းသမားတွေက လူထုကို ကိုယ်တိုင် အသိပေးတာဖြစ်တယ်လို့ မြန်မာသတင်းသမားများကာကွယ်ရေးကော်မတီက ကိုသာလွန်ဇောင်းထက်ကပြောပါတယ်။
"ဒီနေ့ ပုသိမ်မှာချီတက် ဆန္ဒပြပွဲပုံစံမျိုးလုပ်တယ်။ လုပ်တော့ အဓိက ဘာရသလဲဆိုတော့ လူတွေက အရမ်းစိတ်ဝင်စားကြတယ်။ ကျနော်တို့ကထင်တာက အထင်လွဲနေလို့ တော်တော်ရှင်းပြရမယ်လို့ထင်တာ မဟုတ်ဘူး။ ကျနော်တို့ မြို့ထဲပတ်ပြီးတော့ ချီတက်ဆန္ဒပြတဲ့အချိန်မှာ လူထု Response က အရမ်းကောင်းနေတယ်။ ကျနော်တို့အပေါ်နားလည်တယ် အဲဒါကတော့ ကျနော်တို့အတွက် အရမ်းအားတက်တယ်။ ဆိုတော့ အဲလိုမျိုး ပုံစံမျိုး ချီတက်ဆန္ဒပြတဲ့ပုံစံမျိုး ရန်ကုန်မှာလည်း မကြာခင်လုပ်မယ်ပေါ့နော်။ တခြားမြို့တွေဖြစ်တဲ့ မန္တလေးတို့ နေပြည်တော်တို့ ပျဉ်းမနားတို့မှာလည်း ကျနော်တို့ ဆက်ပြီး စီစဉ်မှာပေါ့နော် ကျနော်တို့ ဥပဒေကြောင်းအရ လုပ်နေတဲ့အပိုင်းကတော့ တရားလွှတ်တော်ချုပ်ကို တားမြစ်စေ စာချွန်လွှာလျောက်ဖို့အတွက် ကျနော်တို့ပြင်နေတယ် သေချာတာတခုကတော့ လူထုက ကျနော်တို့အပေါ်နားလည်မှုရှိတယ် အဲဒီတော့ ကျနော်တို့ ဒီလူမှုကွန်ယက်တွေမှာ ဆဲဆိုနေတာတွေဟာ တဖက်အဖွဲ့အစည်းကနေပြီးတော့ ရည်ရွယ်ချက်ရှိရှိ ဆဲဆိုနေ တဲ့ဟာတွေလို့ ကျနေ်ာတို့ သုံးသပ်လို့ရတယ်။ တကယ့်ပြည်သူလုထုရဲ့ အစစ်အမှန်မဟုတ်ဘူး။ ဘာကြောင့်ပြောနိုင်သလဲဆိုတော့ ဒီနေ့လိုကိစ္စမျိုး ကျနော်တို့ စာရွက်တွေဝေတယ်၊ ရှင်းပြတဲ့အခါမှာ သူတို့နားလည်မှုက ကျနော်တို့တောင်ထင်မှတ်မထားတဲ့ ပုံစံမျိုး ပေါ့နော် တချို့လူတွေလည်း နောက်ကနေ လိုက်လာကြတယ်။ ပြည်သူလူထုကတော့ သေချာပေါက်နားလည်တဲ့ ပုံစံမျိုးပေါ့နော်။"
ဖမ်းဆီးခံသတင်းသမားတွေ လွတ်မြောက်ရေး ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာပါ ဆက်လုပ်သွားဖို့ရှိသလို နိုင်ငံသားအခွင့်အရေးနဲ့အညီ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေဖို့ တရားလွှတ်တော်ချုပ်ထံကို စာချွန်တော်ပေးပို့ဖို့ရှိသလို သူတို့ အခုလို မတရားဖမ်းဆီးခံရမှုအပေါ် ဥပဒေကြောင်းအရ ထိရောက်တဲ့နည်းတွေနဲ့လည်း ဆက်လက်ဆောင်ရွက်သွားဖို့ရှိတယ်လို့လည်း သတင်းသမားတွေကပြောပါတယ်။
Reuters သတင်းသမားတွေအရေး ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့အခါ ဆွေးနွေးဖို့ရှိသလို ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley ရဲ့ ဖေဖော်ဝါရီလ ၉ ရက်၊ သောကြာနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာလည်း ဒီသတင်းအစီရင်ခံစာကို ရေးသားတဲ့ ရိုက်တာသတင်းထောက်နှစ်ဦး ဖမ်းဆီးထားတာကို ပြန်လွှတ်ပေးဖို့ မြန်မာအစိုးရကို တောင်းဆိုထားပါတယ်။