သုံးရလွယ်ကူစေသည့် Link များ

site logo site logo
 
ကန်ဒုသမ္မတနဲ့ အင်ဒိုသမ္မတနှစ်ဦး FTA ကိစ္စ အလေးထားဆွေးနွေး
နောက်ဆုံးရသတင်း

ကန်ဒုသမ္မတနဲ့ အင်ဒိုသမ္မတနှစ်ဦး FTA ကိစ္စ အလေးထားဆွေးနွေး


အမေရိကန် ဒုတိယသမ္မတ Kamala Harris နဲ့ အင်ဒိုနီးရှားသမ္မတ Joko Widodo တို့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ တွေ့ဆုံကြစဥ်။
အမေရိကန် ဒုတိယသမ္မတ Kamala Harris နဲ့ အင်ဒိုနီးရှားသမ္မတ Joko Widodo တို့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ တွေ့ဆုံကြစဥ်။

အမေရိကန်ဒုတိယသမ္မတ Kamala Harris နဲ့ အင်ဒိုနီးရှားသမ္မတ Joko Widodo တို့ရဲ့ ဗုဒ္ဓဟူးနေ့ဆွေးနွေးပွဲမှာ အင်ဒိုနီးရှားဘက်ကအဆိုပြုတဲ့ အကန့်အသတ်နဲ့ လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက် FTA ကို အဓိက ဆွေးနွေးခဲ့ကြပါတယ်။ ဒီ FTA အရ လျှပ်စစ်ကား EV ထုတ်လုပ်ရေးမှာသုံးတဲ့ နီကယ်နဲ့ တခြား အရေးကြီးတဲ့ကုန်ပစ္စည်းတွေဟာ အမေရိကန်ရဲ့ အခွန်သက်သာခွင့်ရစေမှာ ဖြစ်ပါတယ်။

အင်ဒို-ပစိဖိတ် စီးပွားရေးမူဘောင်ကတဆင့် အပါအဝင် နှစ်နိုင်ငံကြားကုန်စည်နဲ့ ဝန်ဆောင်မှုစီးဆင်းမှု ပိုပြီး သွက်လက်လာစေရေးအတွက် ဆက်လက် ဆောင်ရွက်လိုကြောင်း အမေရိကန်ဒုတိယသမ္မတက အင်ဒိုနီးရှားသမ္မတကို ပြောခဲ့ပါတယ်။ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ ထိပ်သီးဆွေးနွေးပွဲ အတွင်း သီးခြားတွေ့ဆုံတာ ဖြစ်ပါတယ်။

ရာသီဥတုပြောင်းလဲမှုနဲ့ သန့်စင်စွမ်းအင်ဆိုင်ရာ ငွေကြေးဖောင်းပွမှုလျှော့ချရေး ဥပဒေအရ လျှပ်စစ်ကား ထုတ်လုပ်ရောင်းချမှု မြှင့်တင်ရေးအတွက် အမေရိကန် အစိုးရက အခွန်သက်သာခွင့် ဒေါ်လာဘီလျံနဲ့ချီပြီး လျာထားတာ ဖြစ်ပါတယ်။ ဒီသက်သာခွင့်ကို ခံစားနိုင်ဖို့ကတော့ အမေရိကန်မှာရောင်းချတဲ့ EV တွေရဲ့ ဘက်ထရီထုတ်လုပ်မှုမှာသုံးတဲ့ ဓာတ်သတ္တုပစ္စည်းတွေကို အမေရိကန်မှာ ဒါမှမဟုတ်လည်း အမေရိကန်ရဲ့ လွတ်လပ်စွာကုန်သွယ်မှု မိတ်ဖက်နိုင်ငံတခုခုမှာ ထုတ်လုပ်သန့်စင်ရမှာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ နီကယ်သတ္တုအများဆုံးရှိတဲ့ အင်ဒိုနီးရှားနိုင်ငံက နိုင်ငံတွင်းမှာ လျှပ်စစ်ကားနဲ့ ဘက်ထရီထုတ်လုပ်မှုကိုတိုးမြှင့်ဖို့ စိတ်အားထက်သန်နေပါတယ်။ ဒါပေမဲ့လည်း အင်ဒိုနီးရှားရဲ့သတ္တုတူးဖော်ရေးနဲ့သန့်စင်ရေးလုပ်ငန်းမှာ တရုတ် ကုမ္ပဏီတွေရဲ့ ရင်းနှီးမြှပ်နှံမှုကို အများအပြား မှီခိုနေရပါတယ်။

အင်ဒိုနီးရှားသမ္မတနဲ့ အမေရိကန်ဒုတိယသမ္မတတို့ရဲ့သတင်းစာရှင်းလင်းပွဲမှာတော့ ဗွီအိုအေရဲ့အိမ်ဖြူတော်ဆိုင်ရာ ဗျူရိုအကြီးအကဲ၊ နောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ အတွက် အမေရိကန် စာနယ်ဇင်းနဲ့ ရေဒီယိုတွေအတွက် ပင်တိုင် သတင်းရယူပေးသူ Patsy Widakuswara ကို အင်ဒိုနီးရှား လုံခြုံရေး တာဝန်ရှိသူတွေက ဗုဒ္ဓဟူးနေ့မှာ တားဆီးဖို့ ကြိုးစားခဲ့ကြပါတယ်။ အင်ဒိုနီးရှားနဲ့ အမေရိကန်ကြား နီကယ် ဆိုင်ရာ သဘောတူညီချက်ရဖို့ နီးစပ်ပါသလားလို့ အမေရိကန်ဒုတိယသမ္မတကို VOA သတင်းထောက် Widakuswara က မေးမြန်းခဲ့ပြီး အင်ဒိုနီးရှား သမ္မတ Widodo ကိုတော့ အမေရိကန် သမ္မတ Joe Biden က ထိပ်သီး အစည်းအဝေးမတက်တဲ့အတွက် စိတ်ပျက်သလားလို့ မေးမြန်းခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG