သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ကချင်ခရီး ပိုမိုလေးနက်စေလို


ကချင်ပြည်နယ်ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်အား ဒေသခံများကြိုဆို
ကချင်ပြည်နယ်ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်အား ဒေသခံများကြိုဆို

ချင်ပြည်နယ်နေ့ အခမ်းအနားကိုတက်ရောက်ဖို့ ကချင်ဒေသကို လတ်တလော ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အပေါ် အကောင်းမြင် ကြိုဆိုပေမယ့်၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ရော စစ်ဘေးရှောင် ဒုက္ခသည်အရေးနဲ့ ပတ်သက်လို့ပါ အခုထက် ပိုထိရောက်အောင် ကြိုးပမ်း ဆောင်ရွက် ပေးစေလိုတယ်လို့ ပြည်တွင်းပြည်ပ ကချင်ခေါင်းဆောင်တချို့က တိုက်တွန်း လိုက်ကြပါတယ်။ ဆက်သွယ်မေးမြန်း ထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

၇၁ နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားကို တက်ရောက်ဖို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်းဖြစ်၊ နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဗဟို ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဇန်နဝါရီ ၈ ရက်နေ့က ပူတာအိုမြို့ကို စတင်ရောက်ရှိလာတာပါ။

ဒီခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ နောင်ချိုမြို့မှာဖေါက်လုပ်နေတဲ့ ၆၅ မိုင်အရှည်ရှိ မဂွေဇ-ခေါင်လန်ဖူးလမ်းမကြီးထဲက မဂွေဇ-ဆန်းလွတ်ချက် လမ်းအပိုင်း ဖွင့်ပွဲနဲ့ ပူတာအိုက အထက်နမ့်ထွမ် ရေအားလျှပ်စစ်စီမံကိန်းဖွင့်ပွဲတွေကို တက်ရောက်ခဲ့သလို၊ နောင်မွန်မြို့မှာရှိတဲ့ ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ်နဲ့ ဖုန်ကန်ရာဇီ ဘေးမဲ့တောပြတိုက်တွေကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ကချင်ပြည်နယ်ခရီးစဉ်ကို ကြိုဆိုပေမယ့် တိုင်းပြည်မှာ မရေမရာ ဖြစ်နေတဲ့ အပစ်ရပ်ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အခုထက်ပိုပြီး ထိရောက်အောင် ကြိုးပမ်းဆောင်ရွက်ပေးစေလိုတယ်လို့ မြစ်ကြီးနားအခြေစိုက် ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ရဲ့ဒုက္ကဌ(၂) ဦးကွမ်ဂရောင် အောင်ခမ်းက တိုက်တွန်းလိုက်ပါတယ်။

“တကယ်တော့သူက ငြိမ်းချမ်းရေးကို ကြိုးစားချင်စိတ် ရှိပုံရတယ်။ KIO ကလည်း ငြိမ်းချမ်းရေးကို လိုချင်ပါတယ် ဒါပေမဲ့ မြောက်ပိုင်းမဟာမိတ် ကိစ္စမှာ စစ်တပ်နဲ့ တိုက်ရိုက်ဆက်ဆံတဲ့ နေရာမှာ အခက်အခဲရှိတယ်လို့ ကျနော်တို့ ကြားရတယ်။ ဒါပေမဲ့ တကယ်တမ်း ငြိမ်းချမ်းရေးဆိုတဲ့ နေရာမှာ မြန်မာစစ်တပ်နဲ့ KIA စစ်တပ်နဲ့ သူတို့ ဆက်ဆံရေး ၊ သူတို့ရဲ့ ငြိမ်းချမ်းရေး စကားပြောကြည့်တဲ့အချက်လက်ပေါ် မူတည် ပါလိမ့်မယ်။ တကယ်တော့ ဒေါ်စု အနေနဲ့ ငြိမ်းချမ်းရေးမှာ ပါဝင်သင့်တာကတော့ ကြာပါပြီ၊ ကျနော်တို့လည်း လိုလားတယ် ဒါပေမဲ့ တစုံတခု ပြောလာခြင်း မရှိပါဘူး။ ခုတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ သူ့အနေနဲ့ စိတ်ဝင်စားလာတယ် ဆိုတာကတော့ ကောင်းတဲ့သဘောမျိုးတော့ ရှိပါတယ်။ ဒါပေမဲ့ ဘယ်လောက်ထိ သူ့အနေနဲ့ လုပ်နိုင်မလဲ၊ စစ်တပ်အပေါ် ဖျောင်းဖျနိုင်မလဲဆိုတဲ့အပေါ်မှာ မူတည်ပါလိမ့်မယ်။ ”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဒီခရီးစဉ်ဟာ စစ်ရေးပဋိပက္ခရှိနေဆဲ ကချင်ပြည်နယ်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အကျိုးသက်ရောက် မှုတွေ ဖြစ်လာအောင် လုပ်ဆောင်သင့်တယ်လို့ အမေရိကန်အခြေစိုက် ကချင်မဟာမိတ်အဖွဲ့ ဥက္ကဌ ဦးဂွန်ဆန်က အကြံပြုပါတယ်။

“ သူသွားတာကတော့ အပေါင်းလက္ခဏာလို့ မြင်ပါတယ် မသွားတာထက်စာရင် သွားတာပိုကောင်းပါတယ်။ ဒါပေမဲ့ကျနော်တို့ စိုးရိမ်တာက ဒီသွားတာက ကိုယ့်ပါတီ နိုင်ငံရေးအတွက် အမြတ်ထုတ်မှု မဖြစ်စေလိုဘူး။ နောက်တခုကတော့ ပျော်ပွဲရွှင်ပွဲ တခုအတွက်ပဲ သွားတာမျိုး မဖြစ်စေလိုပါဘူး။ ဒီဟာက ကျနော်တို့ တိုင်းရင်းသား အရေးအတွက် ရင်ကြားစေ့ရေးနဲ့ ပတ်သက်ပြီးမှ တကယ့်ကို အထောက် အကူပြုမယ့် ခရီးစဉ်အဖြစ် အနှစ်သာရရှိတဲ့ လုပ်ဆောင်မှုတွေ ဖြစ်ခိုင်းစေချင်ပါတယ်။ ”

ကချင်ဒေသက စစ်ပွဲကြောင့် ထောင်ပေါင်းများစွာသော စစ်ဘေးရှောင်ဒုက္ခသည်တွေ အခုချိန်ထိ အိမ်မပြန်နိုင်ကြသေးပဲ တောတောင်တွေထဲ ပုန်းရှောင် နေရဆဲဖြစ်ပြီး နိုင်ငံတကာ အကူအညီတွေ ပိတ်ဆို့ခံနေရဆဲ ဖြစ်ပါတယ်။ ဒီအရေးကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တစုံတရာ ပြောဆိုသင့်တယ်လို့ KSPP ပါတီ ဒုက္ကဌ(၂) ဦးကွမ်ဂရောင် အောင်ခမ်းက ထောက်ပြပါတယ်။

“သူ့အနေနဲ့တော့ ဒီစစ်ပြေးဒုက္ခသည် ကိစ္စတွေကို ပွင့်ပွင့်လင်းလင်း ပြောကြားခြင်း မရှိပါဘူး။ ဥပမာ ၂၀၁၈ နိုဝင်ဘာလ သူတခေါက် ရောက်လာ ပါတယ်။ အဲဒီ တုန်းကလည်း စစ်ဘေးဒုက္ခသည်ဆိုတဲ့ အသုံးအနှုန်းတောင်မှ သုံးသွားခြင်း မရှိပါဘူး။ ဒါကြောင့် သူ့အနေနဲ့ ဒီတခါမှာတော့ သိပ်ပြီး ထူးထူး ထွေထွေ ရှိလာလိမ့်မယ် လို့တော့ ကျနော် မျှော်လင့်ချက် မရှိပါဘူး။ ”

ဇန်နဝါရီ ၁၀ ရက် ဒီကနေ့မှာကျရောက်တဲ့ ကချင်ပြည်နယ်နေ့ အခမ်းအနားကို မြစ်ကြီးနားမြို့ မနောင်ဥယျာဉ်မှာ ကျင်းပမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG