ဒီနေ့ ရန်ကုန်မှာရှိတဲ့ ဒီမိုကရေစီ လိုလားသူတွေက စုပေါင်းကျင်းပတဲ့ ဝါဆိုသင်္ကန်း ကပ်လှူပွဲကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။ ၂၃ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနားဟာ ငြိမ်းချမ်းရေးကို ရှေးရှုတဲ့၊ အပြုသဘောဆောင်တဲ့ အခမ်းအနားမျိုး ဖြစ်ဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
ရှစ်လေးလုံး အထိမ်းအမှတ်နေ့ကို ကြည့်မြင်တိုင် နတ်စင်လမ်းမှာရှိတဲ့ သာဓု ပရိယတ္တိ စာသင်တိုက်မှာ ကျင်းပ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအခမ်းအနားကို ၁၉၈၈ အရေးအခင်းမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတွေထဲက အကျဉ်းကျခံမနေရဘဲ အပြင်မှာ ကျန်နေတဲ့ ကျောင်းသားတွေအပြင် ဒီမိုကရေစီရေး လှုပ်ရှားသူတွေ ဦးစီးပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သလို ငြိမ်းချမ်းရေးကို ရှေးရှုတဲ့ အခမ်းအနားဖြစ်အောင် ကြိုးစားပြီး ကျင်းပနိုင်ခဲ့တယ်လို့ အခမ်းအနား ဖြစ်မြောက်ရေး တာဝန်ခံတဦးဖြစ်တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမျိုးရန်နောင်သိန်းက ပြောပါတယ်။
“ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း မှာကြားထားတာ ရှိတယ်၊ ဒီ ရှစ်လေးလုံး ၂၃ နှစ်မြောက် အောက်မေ့ဘွယ် နှစ်ပတ်လည် အခမ်းအနားကို ငြိမ်းချမ်းရေးကို ရှေးရှုတဲ့၊ အပြုသဘောဆောင်တဲ့ ပုံစံနဲ့ သွားပါဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ပြောကြားတဲ့ ပုံစံနဲ့ပဲ သွားခဲ့တယ်။ တကယ်တမ်းကျတော့ ၈ ရက် ၈ လ ၈၈ နေ့ ဆိုတာက တနိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ နေ့ပါ။ တနိုင်ငံလုံးကို သက်ရောက်မှုရှိတဲ့ နေ့ပါ။ အဲဒီနေ့ကို တည်ဆဲအစိုးရ အနေနဲ့လည်း အပြုသဘောဆောင်တဲ့ ပုံစံမျိုးနဲ့ စုပေါင်းပြီး လုပ်မယ်ဆိုရင်တော့ အားလုံးအတွက် ကောင်းမွန်သွားပါလိမ့်မယ်။ အဲဒီလိုမျိုး လုပ်လာလိမ့်မယ်လို့လည်း ကျနော်က မျှော်လင့်ပါတယ်။”
အခုလို ၂၃ ကြိမ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ငြိမ်းငြိမ်းချမ်းချမ်း ကျင်းပပေးဖို့ အကျဉ်းထောင်တွေထဲမှာ အခုထိ နေနေရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး အပါအဝင် ကျောင်းသားခေါင်းဆောင်တွေက မှာကြားခဲ့တယ်လို့လည်း ပြောပါတယ်။
ဒီအခမ်းအနားကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာသလို ၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီက ပုဂ္ဂိုလ်တွေ၊ အနုပညာရှင်တွေ၊ မျိုးဆက်သစ် လူငယ်တွေ၊ အကျဉ်းသား မိသားစုဝင်တွေနဲ့ ၈၈ အရေးအခင်းကာလမှာ လှုပ်ရှားခဲ့သူ ထောင်နဲ့ချီပြီး တက်ရောက်လာတာ တွေ့ရတယ်လို့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး တာဝန်ခံ ဦးဝင်းထိန်က ပြောပါတယ်။
“ဒီမှာ ဒေါ်အောင်ဆန်းစုကြည် အခမ်းအနား လာတက်တယ်။ နောက် NLD က ခေါင်းဆောင်တွေဖြစ်တဲ့ ဦးတင်ဦး၊ အတွင်းရေးမှူး ဦးဝင်းတင်တို့ အပြင်ကို တခြားပါတီက ပုဂ္ဂိုလ်တွေလည်း ပါတယ်။ အသက်အရွယ် မျိုးစုံက လူတွေက ဒီအခမ်းအနားကို တလေးတစားနဲ့ အထူးဂုဏ်ပြုပြီး တက်ရောက်ကြတယ်လို့ သဘောပေါက်ပါတယ်။ စည်းစည်းလုံးလုံးပဲ ပါတီက လူတွေရော၊ ပါတီမဟုတ်ဘဲနဲ့ လူတွေရော ဒီနေ့ အမှတ်တရ ပြောရမယ် ဆိုရင်တော့ ကြက်ပျံမကျ စည်ကားတယ်ပေါ့။ လူတွေ ထောင်နဲ့ချီပြီး တက်ရောက်ကြတယ်။”
အခမ်းအနားမှာ ၈၈ မျိုးဆက် ကျောင်းသား ကိုတိုးကျော်လှိုင်က ဒီမိုကရေစီ လူထုလှုပ်ရှားမှုမှာ အသက်ပေးသွားသူတွေကို ရည်စူးပြီး တမိနစ် ငြိမ်သက်ခြင်း အစီအစဉ်ကို ဦးဆောင် ပြုလုပ်ခဲ့ပါတယ်။ သာဓု ပရိယတ္တိ စာသင်တိုက်ရဲ့ ဆရာတော် ဦးအဂ္ဂံသက အတွေးရဲကြဖို့၊ ခြောက်တိုင်းမကြောက် မြှောက်တိုင်း မမြောက်တဲ့ စိတ်ထားနဲ့ ငြိမ်းချမ်းရေး လုပ်နိုင်ကြောင်း တရားကို ဟောကြားခဲ့တယ်လို့ ပြောပါတယ်။
“ဆရာတော်ကြီးက အတွေးရဲဖို့ တွေးတတ်ရမယ်၊ တွေးတဲ့အခါမှာလည်း ပေါက်မြောက်အောင် တွေးရမယ်၊ ပေါက်မြောက်အောင် တွေးတဲ့အခါမှာ ပြောတာကိုယုံပြီး ခြောက်ရင်လည်း မကြောက်ဘူးပေါ့ဗျာ။ ကိုယ့်ကြောင့် ကိုယ့်လွတ်လပ်တဲ့ အမြင်မျိုး ရှိတယ်ဆိုတဲ့ ပုံစံမျိုး။ ဒါကိုလည်း ကျနော်တို့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နှစ်ခြိုက်ပါတယ် ဆိုတဲ့အကြောင်း ကျနော်တို့ကိုလည်းပဲ ပြောပြပါတယ်။ ဆရာတော်ကြီးကိုလည်း ပြောပြပါတယ်။
“တရားက ကောင်းပါတယ်တဲ့၊ တရားက ဟိုဘက်ရော ဒီဘက်ရော မျှပြီး ဟောပါတယ်။ ကျနော်တို့ လူငယ်တွေကိုလည်း အတွေးရဲဖို့ပေါ့။ အတွေးရဲတဲ့အခါမှာ ကြောက်လည်း မကြောက်ဘူးဆိုတဲ့ အကြောင်း တရားလေး ဟောသွားပါတယ်။ တရားလေးက အတော့်ကို ထိမိပါတယ်။”
၂၃ ကြိမ်မြောက် ၈၈ နှစ်ပတ်လည် အခမ်းအနား မှတ်တမ်းစာအုပ်ထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ဘယ်သူမှ မေ့မသွားစေချင်ဘူးလို့ မှတ်တမ်း ရေးသားခဲ့ပါတယ်။ ဒီအခမ်းအနားကို ရန်ကုန်မှာရှိတဲ့ ဗြိတိန် အပါအဝင် နိုင်ငံခြား သံရုံးက ပုဂ္ဂိုလ်တွေပါ တက်ရောက်ခဲ့ကြပါတယ်။
အခုလို ပရိသတ် အများအပြား တက်ရောက်ခဲ့တဲ့ ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနားကို ၂၃ နှစ်အတွင်း ပထမဆုံးအကြိမ် ကျင်းပနိုင်ခဲ့တာဖြစ်ပြီး အာဏာပိုင်တွေဘက်က တားဆီး နှောင့်ယှက်မှုမျိုးတော့ မတွေ့ရဘူးလို့ ဦးဝင်းထိန်က ပြောပါတယ်။
“ကျနော်တို့ သတိထားမိတာကတော့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေက ဓာတ်ပုံရိုက်တာတို့၊ ကားနံပါတ် မှတ်တာတို့၊ မလှမ်းမကမ်းမှာ အဓိကရုဏ်း နှိမ်နင်းရေးကား တစီး နှစ်စီးလောက် ရောက်လာတယ်။ အဲဒါတွေတော့ သတိထားမိပါတယ်။ သို့သော်လည်း အခမ်းအနားလာတဲ့ ပုဂ္ဂိုလ်တွေက အေးအေးဆေးဆေးနဲ့ အခမ်းအနား တက်ရောက်ကြတဲ့ အနေအထားပါ။
“ဒီအခမ်းအနားနဲ့ ပတ်သက်လို့ အခမ်းအနား ကာလမှာလည်း လုံခြုံရေး ဘယ်လိုလုပ်မယ်၊ နောက်တခုက ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ရင် ထုံးစံအတိုင်း လူတွေက ဝိုင်းအုံတဲ့ အတွက်ကြောင့်မို့ ဘယ်လိုလုပ်မယ် ဆိုတဲ့ဟာက မနေ့ကတည်းက ဆွေးနွေးပြီးသားပါ။ ဒီနေ့မနက်မှာလည်း ကျောင်းသား ခေါင်းဆောင်ဟောင်းတွေ အပြင် ကျနော်တို့ NLD က လူငယ်တွေနဲ့ ပေါင်းပြီးတော့ လုံခြုံရေး လုပ်တဲ့အတွက်ကြောင့် အေးအေးဆေးဆေး၊ အနှောင့်အယှက် ကင်းကင်းနဲ့ ပြီးသွားတာပါ။”
ဦးဝင်းထိန် ပြောပြသွားတာ ဖြစ်ပါတယ်။